။ သင်ရထားပါပြီလား ။

။နေရတဲ့အချိန်ကတဖြေးဖြေးပဲ နည်းလာတော့စိတ်ထဲက အလိုလိုနဲ့ပဲပိုပိုပြီးလေးနက်လာတယ်။ ။ နေတာထိုင်တာသွားတာလာတာစားတာအိပ်တာကအစအစစအရာရာပြုပြင်လာခဲ့မိတယ်။ ။ အလိုလိုနဲ့ပြောင်းလဲပြုပြင်လာခဲ့လို့ထူးဆန်းနေသလိုပါပဲ။ ။ တန်ဖိုးရှိတဲ့အချိန်ကိုပိုလိုချင်လာနေသလိုတန်ဖိုးဖြတ်လို့မရတဲ့အပြစ်ကင်းတဲ့အကျင့်သီလတွေကိုလည်းပိုလေးနက်စွာနဲ့ဆောက်တည်နေမိတယ်။ ။ သီလတစ်ပါးပါးပျက်မိမှာကိုအလေးထားမိတော့ပျက်မိရမယ့်သီလတစ်ပါးပါးကိုလည်းမပျက်အောင်တည်ငြိမ်စွာနေတတ်လာတယ်။ ။ အနီးအနားပတ်ဝန်းကျင်ရဲ့စွဲမက်စွဲကပ်နေတဲ့ကိလေသာပြယုဂ်တွေမြင်မိလေတိုင်းမှားမိခဲ့တဲ့အဖြစ်တွေကိုပြန်ပြီးဆင်ခြင်မိပါတယ်။ ။ အမှားကြီးအမှားငယ်ဆိုတဲ့အမှားတွေကြောင့်ပြန်ဆင်ခြင်မိရင်စိတ်ဟာအလိုလိုနဲ့တုန်လှုပ်ချောက်ချားမိတာအမှန်ပါပဲ။ ။ တုန်လှုပ်ချောက်ချားရတဲ့အဖြစ်ကြောင့်လူဟာအလိုလိုပဲစိတ်ဓာတ်တွေညှိုးကျမိပါလေရဲ့။ ။ ပျော်ရွှင်မြူးထူးမှုတွေနည်းပါးကြပြီးလူအများကြားကိုမဝင်ချင်မတိုးချင်တော့ဘဲတစ်ကိုယ်တည်းချမ်းသာမှုကိုပိုလိုလားနှစ်သက်လာပါတယ်။ ။ အဲဒီလိုလိုလားနှစ်သက်လာရင်လူဟာအလိုလိုပဲအဖော်အဖက်တွေနဲ့ဝေးကွာချင်လာကြတယ်။ ။ အဖော်မဲ့ဘဝကိုလိုချင်လာတဲ့စိတ်ဟာပြင်ယူဆင်ယူတာမဟုတ်ဘဲအဖော်အဖက်နဲ့ပိုဝေးဝေးနေရတာကိုပဲနှစ်သက်နေမိကြတယ်။ဒါဟာ လူ့ရဲ့သဘာဝပါပဲ။ ။ ဒါကြောင့်မိမိကို အဖော်မဲ့စွာတစ်ဦးတစ်ယောက်တည်းထားခဲ့ပေမည့်ဝမ်းနည်းစွာဖြစ်ဖို့မလို့ပါဘူး။ ။ ဝမ်းနည်းခြင်း( ဝမ်းနည်းမှု) ဆိုတာအပူမီးတစ်ပါးပါပဲ။ ။ ဒီအပူမီးကိုကိုယ်ကိုယ်တိုင်ပဲငြိမ်းရမယ်မဟုတ်လား။ ။ မငြိမ်းနိုင်ရင်ကိုယ်ပဲပူလောင်နေမယ်။ ။ ပူလောင်မြိုက်ခံရရင်ကိုယ်ပဲနာကြည်းမှုတွေခံရမယ်မဟုတ်လား။ ။ ဒီနေ့ပြောပြချင်တဲ့စကားကအခြားမဟုတ်ပါဘူး။ ။ ဘယ်နေ့မှာသင့်အတွက်အကောင်းဆုံးဖြစ်နိုင်မည်လဲ။ ။ သင့်အတွက်ရဲ့အကောင်းဆုံးနေ့ရက်ကရထားပါပြီလား?ရှိနေပါပြီလား? ။ တောမှီရဟန်း(၁၆.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)